Friday, April 25, 2008

အိုး ... အချစ်ရယ် နိုး ... နိုး ...


လာမယ့် မေလ (၁၀) ရက်နေ့မှာ ကျနော် ဘာလုပ်သင့်တယ် ဆိုတာကို နေ့စဉ်သုံး ဂူဂယ်လ် စာမျက်နှာက ကျနော့်ကို ဆော်သြနေပါတယ်။ တနည်းပြောရရင် ကျနော့်ရဲ့ အသည်းကြားက မဲတပြားပေါ့ဗျာ ... Thanks ဂူဂယ်လ်...

မြန်မာစကားပုံ တခုရှိတယ်။ "မချစ်သော်လည်း အောင့်ကာနမ်း" တဲ့။ စိုးရွံ့နေ၊ ကျီးလန့်စာစား ဖြစ်နေရတဲ့ အခြေအနေ အောက်မှာ တခုခုကို အောင့်အည်း သည်းခံပြီး လုပ်ရတဲ့ အခြေအနေတခုကို ပြောတာ ဖြစ်နိုင်သလို၊ ကိုယ်မနှစ်သက်တဲ့ တစုံတဦး ဆီကနေ တစုံတရာကို ရသည်အထိ စောင့်ဆိုင်းပြီး သူ့အကြိုက် လိုက်လျောတဲ့ အနေအထားကို လည်းဆိုနိုင်ပါတယ်။

အိုကေ ... ကြောက်လို့ လိုက်လျောလိုက်ရပါတယ် ... ။ ဒီအဆိုကို ကျနော်တို့တွေ ဘယ်လောက်ကြာကြာ ပြောခဲ့ပြီးပြီလဲ။ နောက် ... ဘယ်အတိုင်းအတာအထိ လိုက်လျော လုပ်ပေးနေရဦးမှာလဲ။ အခုလိုပြောနေရ၊ လိုက်လုပ်နေရရင်းနဲ့ အချိန်တွေ ကုန်လာလိုက်တာ ဆယ်စုနှစ် ၅ ခုနီးပါး အချိန်တွေပေးလိုက်ရပြီး ...။ နောက် အနှစ် ၅၀ လောက် ထပ်ပေးဖို့ အစီအစဉ် ရှိသေးလား ...တိုင်းပြည်လည်း စုတ်ပြတ်သပ် ကုန်ပြီး၊ ဗိုလ်ချုပ်ပြောခဲ့တဲ့ ( _ာ) နိုင်ငံလည်း ဖြစ်နေပါပြီ။ လူငယ်တွေလည်း အနာဂတ် မဆိုထားနှင့်၊ ပစ္စုပ္ပန် တောင် မရေရာတဲ့ ဘ၀။ ကလေးတွေလည်း ကျောင်းတွေနဲ့ဝေးလို့ တချို့ဆိုရင် စား၊၀တ်၊နေရေးအတွက် အရွယ်တွေနဲ့ မမျှအောင် အိမ်ကို ပြန်ကူနေရတဲ့တာတွေ ထုနဲ့ဒေး။

ကြောက်တိုင်းလည်း မလိုက်လျော နိုင်တော့ဘူး။ လိုက်လျောနိုင်၊ သည်းခံနိုင်တဲ့ အတိုင်းအတာတွေ ကျော်လွန်ကုန်ပါပြီ။ ပေးဆပ်သွားတဲ့ သူတွေလည်း ပေးဆပ်သွားခဲ့ပြီ၊ ပြန်ရလိုက်တာတွေက ဘာမှမရှိသေးပါဘူး၊ ဒီအတိုင်းပဲ နေသွားရတော့မှာလား။ ဒီ မိစ္ဆာတွေ၊ ပြိတ္ထာတွေကို တော်လှန် ပြောင်းလဲချင်စိတ် မရှိကြတော့ဘူးလား၊ ဒီအတိုင်းပဲ သူတို့လုပ်ချင်တာတွေကို လုပ်ခွင့်ပေးလိုက်တော့မှာလား .. မချစ်ပဲနဲ့တော့ မနမ်းပါနဲ့ .. စဉ်းစားချင့်ချိန်ပါ မိတ်ဆွေ ...

သွားလေသူ အာဇာနည်များလို မပေးဆပ်ချင်နေပါ ... မိတ်ဆွေအတွက် အခွင့်အရေး တခုရှိပါတယ် .. လာမယ့် ရှေးလ ၁၀ ရက်နေ့မှာပေါ့ ... "ဟင့်အင်း" လို့ ကြက်ခြေခတ် ရုံတင်လေးပါ၊ လုပ်နိုင်တယ်လို့ ထင်ပါတယ်။

မိတ်ဆွေရဲ့ အသည်းကြားက မဲတပြားဟာ ချောက်ထဲကျနေတဲ့ တိုင်းပြည်ကို ဆွဲတင်ဖို့အတွက် ကြိုးတမျှင် ဖြစ်နိုင်ပါစေ ...

ကျနော်ကတော့ သွားလေသူ ကိုငှက်ကြီးရဲ့ "ခွင့်မပြု" သီချင်းထဲက ကော့ရက် အပိုဒ်လေးကိုပဲ အခုတလော အထပ်ထပ် ဆိုနေမိတယ် ...

"အိုး ... အချစ်ရယ် နိုး ... နိုး ... ခွဲမသွားနဲ့ နိုး ... နိုး ..."

0 comments: