Friday, September 14, 2007

Ubuntu Linux အတွက် ဇော်ဂျီကီးဘုတ်


လင်းနစ်တွေအတွက် ဇော်ဂျီကီးဘုတ်လေးတခု ထပ်လုပ်ဖြစ်ပါတယ်...။ မွန်ဘာသာကီးဘုတ်ကိုတော့ ကျနော်သုံးဖြစ်နေတာ ကြာပါပြီ။ အခု ဇော်ဂျီကီးဘုတ်ဖိုင်လေးကတော့ လင်းနစ်က default mm ဖိုင်လေးကို အစားထိုးထားတာပါ။

လက်ကွက်အနေနဲ့ ၀င်းဒိုးက ဇော်ဂျီလက်ကွက်ပုံစံအတိုင်းပါပဲ။ ဘာမှပြောင်းလဲထားခြင်း မရှိပါ။ သို့သော်လည်း ၀င်းဒိုးကဲ့သို့ ပါဠ်ဆင့်စာလုံးများ ရိုက်ရာတွင်သုံးသော Ctrl+Alt+Key အစား ဘယ်ဘက် Alt+Key အဖြစ်လည်းကောင်း၊ Ctrl+Alt+ Shift+Key အစား ဘယ်ဘက် Alt+Shift+Key အဖြစ်လည်းကောင်း အစားထိုး နေရာသတ်မှတ်လိုက်ပါတယ်။ လင်းနစ်ချစ်သူ မိတ်ဆွေများ စိတ်ဝင်စားမယ်ဆိုရင် စမ်းသပ်ကြည့်နိုင်ပါတယ်...။

Install လုပ်တာကတော့ လွယ်ပါတယ်။ ပိုပြီးလွယ်အောင် ပုံတွေနဲ့ဖော်ပြပေးထားပါတယ်...

အရင်ဦးဆုံး Top Panel ပေါ်က Places မှတဆင့် Computer ထဲကိုဝင်ပါ။ (ပုံ ၁ ကိုရှုရန်)

Filesystem ဆိုတာတွေ့ပါလိမ့်မယ်၊ နှစ်ချက်ဆင့်နှိပ်ပြီး Filesystem ထဲကိုဝင်ပါ။ အဲဒီနောက် etc --> X11 --> xkb --> symbols ထဲကို အဆင့်ဆင့်ဝင်သွားပါ။ (ပုံ ၂ ကိုရှုရန်)

symbols ထဲကိုရောက်သွားတဲ့အခါမှာ system က default ပေးထားတဲ့ နိုင်ငံတကာဘာသာ C source code ဖိုင်တွေကို မြင်ရမှာပါ။ မြန်မာအတွက်လည်း mm ဆိုပြီး default source code ဖိုင်တစ်ခုကို အရန်သင့် ပေးထားပါတယ်။ ကျနော်တို့က အဲဒီဖိုင်ကို အစားထိုးရမှာပါ။

လင်းနစ်ဇော်ဂျီကီးဘုတ်ကို ဒီကနေ ဆွဲချ၊ ကော်ပီလုပ်ပြီး စောစောက symbols ထဲမှာရှိတဲ့ mm ဖိုင်မှာ replace လုပ်ရုံပါပဲ။ လွယ်တယ်နော်။

ဒီအဆင့်ပြီးရင် တချို့ Distribution တွေမှာ Log Out လုပ်ရပါတယ်။ လိုအပ်ရင်လုပ်လိုက်ပြီး Log In ပြန်ဝင်လာပါ။ နောက်တဆင့်အနေနဲ့ Top Panel ပေါ်က System --> Preferences မှတဆင့် Keyboard မီနူး ကို နှိပ်ပါ။ (ပုံ ၃ ကိုရှုရန်)

Keyboard Preferences window လေးပေါ်လာပါပြီ၊ Layouts tap ကို နှိပ်ပါ၊ Add ခလုပ်ကနေ Myanmar ကိုရွေးပါ၊ ဒီအဆင့်ပြီးရင် ဇော်ဂျီ Myanmar ကီးဘုတ်ကို ယူအက်စ်ကီးဘုတ်နဲ့ အတူ ရွေးချယ်ထားပါပြီ။ (ပုံ ၄ ကိုရှုရန်)

USA ကနေ Mmr ကိုကီးနဲ့ ပြောင်းချင်တယ်ဆိုရင်တော့ စောစောက Keyboard Preferences မှာ Layout Options ကိုဝင်၊ Group Shift Lock Behavior အုပ်စုထဲက Both Alt Keys Together Change ကိုရွေး၊ ဒါဆို ကိုယ့်ကီးဘုတ်က ဘယ်/ညာ Alt ခလုတ်နှစ်ခုကို စုံနှိပ်ပြီး USA ကနေ Mmr ကို လွယ်လွယ်ကူကူ ပြောင်းနိုင် ပါပြီ။

မှတ်ချက်။ ။တခါတရံ မိမိရဲ့ ကီးဘုတ်ဖိုင်ကို အစားထိုး replace လုပ်တဲ့အခါ symbols folder ရဲ့ folder permissions (include subfolders) ကိုတောင်းတတ်တယ်။ ဒီ folders ရဲ့ ခွင့်ပြုချက်ကို ရချင်ရင် မိမိရဲ့ Top Panel မှ Applications --> Accessories --> Terminal ကိုဖွင့်၊ Terminal ပေါ်လာရင် အောက်က ကွန်မန်းကို Sudo နဲ့ဝင်ပြီး folders ရဲ့ခွင့်ပြုချက်တွေကို ပြောင်းလဲနိုင်ပါတယ်။

monguy@Monbuntu-laptop:~$ sudo chmod 777 -R /etc/X11/xkb/symbols ENTER

Linux မှာ ဇော်ဂျီစာလုံးသုံးရတာ စာလုံးပိုလှသလို ထင်မိပါတယ်။ လွတ်လပ်ပြီး လုံခြုံစိတ်ချရတယ်၊ သုံးစွဲသူရဲ့ စိတ်ဆန္ဒအတိုင်း လိုက်လျောညီထွေမှုရှိတယ်၊ တခြား စနစ်တွေထက် ပိုမြန်တယ်။ အော်မေ့လို့ ... နောက်တခုက .. အလကားကိစ္စဗျ.. Linux နဲ့သူ့အတွက် အပျော့ထည်တွေကို အွန်လိုင်းရှိရင် အလကားရပါတယ်.. ကျနော့်လို ငမွဲက အဲဒီအလကားကို သိပ်သဘောကျတာဗျ .. :D

သူငယ်ချင်းတို့ကိုလည်း အဲဒီ အနှောင်အဖွဲ့၊ အကန့်အသတ် ခြိမ်းခြောက်ချုပ်ချယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ၀င်းဒိုးစနစ်ကနေ ရုန်းထွက်ပြီး လွတ်လပ်ပြီး ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ လင်းနစ်တွေကို ပြောင်းသုံးကြဖို့ တိုက်တွန်းပါတယ် .. ကျနော်လည်း ရုန်းထွက်နေဆဲပါ ...။

0 comments: