Showing posts with label Ubuntu Linux. Show all posts
Showing posts with label Ubuntu Linux. Show all posts

Sunday, September 16, 2007

Ubuntu Linux နဲ့ သူ့အမျိုးတွေအကြောင်း တစေ့တစောင်း


လင်းနစ် Distributions စစ်တမ်းတွေရဲ့ အဆိုအရ မတူကွဲပြားတဲ့ သုံးစွဲသူတွေအလိုက် အုပ်စုခွဲပြီး လင်းနစ်အမျိုးအစားပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးလောက် ထုတ်လုပ်ဖြန့်ချိ ထားပြီလို့ သိရပါတယ်။ Debian, Red Hat Enterprise Linux, Fedora, Knoppix, Ubuntu, Gentoo စတဲ့ထုတ်ဝေဖြန့်ချိမှု ကဏ္ဍအလိုက်၊ သုံးစွဲသူအုပ်စုအလိုက်၊ လင်းနစ် Distributions တွေက တပုံတပင်ကြီးပါ။

"ဘယ် Distribution က ကောင်းတယ်၊ ဘယ်ဟာက မကောင်းဘူး၊ အဲလို ပြောလို့မရပါဘူး။ လင်းနစ်သုံးတာဟာ ဘာသာရေးလိုပါပဲ။ ကိုယ့်အကျိုးအကြောင်းတွေနဲ့ ကိုက်ညီပြီး ကိုယ်တိုင် ယုံယုံကြည်ကြည်နဲ့ သုံးနေကြတာပါ။ အားလုံးက ကဏ္ဍအလိုက် ကောင်းတာတွေစုပြီး Distributions အနေနဲ့ ထုတ်နေကြတာ။ သူ့ Users နဲ့သူ အသီးသီးရှိကြတာပဲ" ကျနော‎့်မိတ်ဆွေတဦးက ကောက်ချက်ချဖူးပါတယ်။


ဟုတ်ပါတယ်။ ဒီလို လင်းနစ်တွေအများကြီးထဲမှာ ကိုယ့်နဲ့သဟဇာတဖြစ်တာကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။ တချို့ Distributions တွေက ၀င်းဒိုးတွေလို Graphical Interfaces ကို ပိုအသားပေးထားတာ ရှိသလို၊ တချို့ကျတော့ Non-Graphical Interfaces တွေဘက် ပိုဦးစားပေးထားတာတွေ ရှိပါတယ်။ ‎ဥပမာ - ကျနော်အခု စသုံးနေတဲ့ Ubuntu ဆိုရင် ၀င်းဒိုးကနေ Migrant လုပ်လာတဲ့ Users တွေနဲ့ ကိုက်ညီအောင် Graphical Interfaces တွေကို ဦးစားပေးထားပါတယ်။ အခု နောက်ဆုံးထွက် version က 7.04 ပါ။


ကဲ...ဒါဆို Ubuntu နဲ့ သူ့အမျိုးတွေအကြောင်း နည်းနည်းမြည်းကြည့်ရအောင်။
Ubuntu ဟာ အာဖရိကန်ဘာသာနဲ့ဆို "တဦးနဲ့တဦး စာနာထောက်ထားခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ အခြေခံ လူ့အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ operating system တခုလို့ဆိုရင် မမှားပါဘူး။ သူ့ကို လက်ဆွဲကွန်ပြူတာမှအစ၊ စားပွဲတင်ကွန်ပြူတာနဲ‎့ ဆာဗာကွန်ပြူတာအဆုံး အသုံးပြုနိုင်တယ်။ Ubuntu နဲ့အတူ သူ့အမျိုးတွေဖြစ်တဲ့ Kubuntu, Xubuntu, နဲ့ Edubuntu ဆိုပြီး ရှိပါသေးတယ်။

ဒါဆို Ubuntu နဲ့ သူတို့ အချင်းချင်းဘယ်လို ကွဲပြားလဲ? ဟုတ်ကဲ့ ... သူ့တို့ရဲ့ အခြေခံ Environments တွေအလိုက် အနည်းအကျဉ်း ကွဲပြားပါတယ်။

Ubuntu က ဂရပ်ဖစ်တွေကို အသားပေးထားတဲ့ Gnome desktop environment ကိုသုံးပါတယ်။ စတင်သုံးစွဲသူတွေအတွက် ရိုးရှင်းလွယ်ကူအောင် ရည်ရွယ်စီမံထားတယ်၊ Gnome ရဲ့ မူလရှိရင်းစွဲ Gedit လိုText editor ၊ သီးချင်းနားထောင်ဖို့အတွက် Rhythmbox ပလေယာ၊ CD ဖတ်/rip ဖို့အတွက် Sound Juicer ၊ အီးမေးလ်နဲ့ ပြက္ကဒိန်တွေအတွက် Evolution စတာတွေ အသင့်ပါဝင်ပါတယ်။

နောက် Ubuntu အမျိ‎ုးဖြစ်တဲ့ Kubuntu ကတော့ KDE environment ကိုသုံးပါတယ်၊ K Desktop လို့လည်း ခေါ်ကြတယ်။ သူကနည်းနည်းမြင့်လာပြီ။ လင်းနစ်အထာကို နပ်ပြီးသား သုံးစွဲသူတွေအတွက် သင့်တော်ပါတယ်။ Ubuntu မှာလို Configuration options တွေ သိပ်ရှင်းမနေဘူး၊ နည်းနည်း Advance ပိုဖြစ်တာပေါ့ဗျာ။ သူ့မှာလည်း konqueror လို web browser နဲ့ file manager ၊ Kopete လို instant messenger ၊ K3B လို CD ရေးစက်တွေ အရန်သင့်ထည့်ထားပါတယ်။

Xubuntu ကျတော့ Gnome နဲ့ KDE တွေထက်ပိုပေါ‎‎့တ‎ဲ့ Xfce environment ကို သုံးတယ်၊ Xubuntu က Ubuntu, Kubuntu မှာလို အသွင်အပြင်ပိုင်းကို သိပ်ဦးစားမပေးဘူး၊ ဒါကြောင့်လည်း ပိုပေါ့တာထင်တယ်။ သူ့ကို မှတ်ဥာ‎ဏ် ၁၂၉ နဲ့ ၂၅၆ မီဂါဘိုက်မှာတောင် ခပ်ပေါ့ပေါ့သုံးနိုင်တယ်။ ဒါပေမယ့် Kubuntu, Ubuntu ထက်မလျော့တဲ့ point & click configuration options တွေန‎ဲ့ လာတာဗျ။

Edubuntu က ပညာရေးဝန်ဆောင်မ‎ှုတွေအတွက် သီးသန့်ထုတ်တယ်လို့ ဆိုပါတယ်။ သူ့ကိုGnome မှာတင်ထားပေမယ့် Ubuntu လို default applications အတိုင်းမဟုတ်ပါ။ ပညာရေးမှာ သုံးတဲ့ သီးသန့် apps တွေနဲ့တန်ဆာဆင်ထားတဲ့အပြင် GPaint, Atomix နဲ့ Xaos လို apps တွေပါ ပါဝင် ပါတယ်။

ကဲ... အထက်မှာ ဆိုထားတဲ့အတိုင်း Ubuntu Distributions တွေမှာတောင် သုံးစွဲသူအလိုက် နောက်ထပ်လေးမျိုးထပ်ကွဲတယ်...၊ ဒါဖြင့်ရင် ကျနော်/ကျမ ကတော့ program ရေးပါတယ်၊ web publications တွေလုပ်ပါတယ်၊ သုံးရမှာက နည်းနည်း Advace ဖြစ်တဲ့ Kubuntu ၊ ဒါပေမယ့် Gnome ‎ဂရပ်ဖစ်ကိုကြိုက်လို့ Ubuntu ပဲသုံးချင်တယ် ရမလား..? အဖြေက... ဟုတ်ကဲ့ ... ရပါတယ်...။

ကိုယ့်အနေနဲ့ Kubuntu-Deskop ကို Ubuntu အပေါ်တင်ချင်ရင် တင်လို့ရပါတယ်။ Gnome နဲ့ KDE native applications ကိုလည်း Xface မှာ သုံးချင်ရင် သုံးလို့ရပါသေးတယ်။ လိုက်လျောညီထွေမှု အပြည့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Ubuntu, Kubuntu, Xubuntu နဲ့ Edubuntu တွေရဲ့ applications များဟာ သူတို့အချင်းချင်း တာဝန်ခွဲဝေ အသုံးပြုနိုင်တဲ့ အလေ့ရှိလို့ပါပဲ။ ဒါကြောင့် ကျနော် Personal အနေနဲ့ Graphical Interface မှာ ၀င်းဒိုးလိုပဲ အားကောင်းပြီး ရိုးရှင်းလွယ်ကူတဲ့ Ubuntu ကို သုံးဖို့ ဆုံးဖြတ်နေတာပါ။ ထွက်ခဲ့ပြီးတဲ့ Ubuntu က အောက်ပါအတိုင်းဖြစ်ပါတယ်။
* 7.04: April 2007 (Feisty Fawn)
* 6.10: October 2006 (Edgy Eft)
* 6.06: June 2006 (Dapper Drake)
* 5.10: October 2005 (Breezy Badger)
* 5.04: April 2005 (Hoary Hedgehog)
* 4.10: October 2004 (Warty Warthog)

ဒါကတော့ သူတို့အတွက် Download sites တွေပါ။

* Ubuntu: www.ubuntu.com/getubuntu/download
* Kubuntu: www.kubuntu.org/download
* Xubuntu: www.xubuntu.org/get
* Edubuntu: www.edubuntu.org/Download

Installations CD/DVD တွေကို လည်း မှာမယ်ဆိုရင် အလကားပေးနေပါတယ်။ Shipping ကတော့ လနဲ့ချီကြာတတ်ပါတယ်။ လိပ်စာကတော့ https://shipit.ubuntu.com/ ပါ။

ဒါတွေကတော့ Ubuntu နဲ့ သူ့အမျိုးအတွေ အကြောင်းပါ၊
အခုမျက်မှောက်ခေတ်မှာ ကွန်ပြူတာသုံးစွဲသူတွေက တဖြည်းဖြည်းနဲ့ လင်းနစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လက်ခံရင်း သုံးစွဲနေကြပါပြီ။ Linux သုံးခြင်းဖြင့် ကွန်ပြူတာကို လုံလုံခြုံခြုံ သုံးနိုင်တဲ့အပြင် သူ့မှာရှိတဲ့ အစိတ်အပိုင်းတိုင်းကို ပြုပြင်နိုင်ခွင့်ရှိတယ်။

နောက်တခုက အခမဲ့ပါ။ Ubuntu ဆို သူ့ဆိုဒ်မှာကို အမြဲတမ်းအခမ‎ဲ့ ဖြစ်ရစေမယ်လို့ ‎ဂတိပေးထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်င‎ံတွေအတွက် အိုင်တီမှာ ရန်ပုံငွေပိုမကုန်ရတော့ဘူးပေါ့။
Linux မှာ Users တွေရဲ့ သည်းခြေကြိုက် အချက်တခုက လွတ်လပ်မှုပါ။ လူသားတိုင်းဟာ လွတ်လပ်မ‎ှုကို မြတ်နိုးပါတယ်။ ဘယ်သူတဦးတယောက်မှ အကန့်အသတ် ချုပ်ချယ်မှုအောက်မှာ မရှင်သန်ချင်ကြပါဘူး။ ဒါကြောင့် Linux ကို လူတွေက Crazy ဖြစ်နေကြတာပေါ့ဗျာ …။

ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Friday, September 14, 2007

Ubuntu Linux အတွက် ဇော်ဂျီကီးဘုတ်


လင်းနစ်တွေအတွက် ဇော်ဂျီကီးဘုတ်လေးတခု ထပ်လုပ်ဖြစ်ပါတယ်...။ မွန်ဘာသာကီးဘုတ်ကိုတော့ ကျနော်သုံးဖြစ်နေတာ ကြာပါပြီ။ အခု ဇော်ဂျီကီးဘုတ်ဖိုင်လေးကတော့ လင်းနစ်က default mm ဖိုင်လေးကို အစားထိုးထားတာပါ။

လက်ကွက်အနေနဲ့ ၀င်းဒိုးက ဇော်ဂျီလက်ကွက်ပုံစံအတိုင်းပါပဲ။ ဘာမှပြောင်းလဲထားခြင်း မရှိပါ။ သို့သော်လည်း ၀င်းဒိုးကဲ့သို့ ပါဠ်ဆင့်စာလုံးများ ရိုက်ရာတွင်သုံးသော Ctrl+Alt+Key အစား ဘယ်ဘက် Alt+Key အဖြစ်လည်းကောင်း၊ Ctrl+Alt+ Shift+Key အစား ဘယ်ဘက် Alt+Shift+Key အဖြစ်လည်းကောင်း အစားထိုး နေရာသတ်မှတ်လိုက်ပါတယ်။ လင်းနစ်ချစ်သူ မိတ်ဆွေများ စိတ်ဝင်စားမယ်ဆိုရင် စမ်းသပ်ကြည့်နိုင်ပါတယ်...။

Install လုပ်တာကတော့ လွယ်ပါတယ်။ ပိုပြီးလွယ်အောင် ပုံတွေနဲ့ဖော်ပြပေးထားပါတယ်...

အရင်ဦးဆုံး Top Panel ပေါ်က Places မှတဆင့် Computer ထဲကိုဝင်ပါ။ (ပုံ ၁ ကိုရှုရန်)

Filesystem ဆိုတာတွေ့ပါလိမ့်မယ်၊ နှစ်ချက်ဆင့်နှိပ်ပြီး Filesystem ထဲကိုဝင်ပါ။ အဲဒီနောက် etc --> X11 --> xkb --> symbols ထဲကို အဆင့်ဆင့်ဝင်သွားပါ။ (ပုံ ၂ ကိုရှုရန်)

symbols ထဲကိုရောက်သွားတဲ့အခါမှာ system က default ပေးထားတဲ့ နိုင်ငံတကာဘာသာ C source code ဖိုင်တွေကို မြင်ရမှာပါ။ မြန်မာအတွက်လည်း mm ဆိုပြီး default source code ဖိုင်တစ်ခုကို အရန်သင့် ပေးထားပါတယ်။ ကျနော်တို့က အဲဒီဖိုင်ကို အစားထိုးရမှာပါ။

လင်းနစ်ဇော်ဂျီကီးဘုတ်ကို ဒီကနေ ဆွဲချ၊ ကော်ပီလုပ်ပြီး စောစောက symbols ထဲမှာရှိတဲ့ mm ဖိုင်မှာ replace လုပ်ရုံပါပဲ။ လွယ်တယ်နော်။

ဒီအဆင့်ပြီးရင် တချို့ Distribution တွေမှာ Log Out လုပ်ရပါတယ်။ လိုအပ်ရင်လုပ်လိုက်ပြီး Log In ပြန်ဝင်လာပါ။ နောက်တဆင့်အနေနဲ့ Top Panel ပေါ်က System --> Preferences မှတဆင့် Keyboard မီနူး ကို နှိပ်ပါ။ (ပုံ ၃ ကိုရှုရန်)

Keyboard Preferences window လေးပေါ်လာပါပြီ၊ Layouts tap ကို နှိပ်ပါ၊ Add ခလုပ်ကနေ Myanmar ကိုရွေးပါ၊ ဒီအဆင့်ပြီးရင် ဇော်ဂျီ Myanmar ကီးဘုတ်ကို ယူအက်စ်ကီးဘုတ်နဲ့ အတူ ရွေးချယ်ထားပါပြီ။ (ပုံ ၄ ကိုရှုရန်)

USA ကနေ Mmr ကိုကီးနဲ့ ပြောင်းချင်တယ်ဆိုရင်တော့ စောစောက Keyboard Preferences မှာ Layout Options ကိုဝင်၊ Group Shift Lock Behavior အုပ်စုထဲက Both Alt Keys Together Change ကိုရွေး၊ ဒါဆို ကိုယ့်ကီးဘုတ်က ဘယ်/ညာ Alt ခလုတ်နှစ်ခုကို စုံနှိပ်ပြီး USA ကနေ Mmr ကို လွယ်လွယ်ကူကူ ပြောင်းနိုင် ပါပြီ။

မှတ်ချက်။ ။တခါတရံ မိမိရဲ့ ကီးဘုတ်ဖိုင်ကို အစားထိုး replace လုပ်တဲ့အခါ symbols folder ရဲ့ folder permissions (include subfolders) ကိုတောင်းတတ်တယ်။ ဒီ folders ရဲ့ ခွင့်ပြုချက်ကို ရချင်ရင် မိမိရဲ့ Top Panel မှ Applications --> Accessories --> Terminal ကိုဖွင့်၊ Terminal ပေါ်လာရင် အောက်က ကွန်မန်းကို Sudo နဲ့ဝင်ပြီး folders ရဲ့ခွင့်ပြုချက်တွေကို ပြောင်းလဲနိုင်ပါတယ်။

monguy@Monbuntu-laptop:~$ sudo chmod 777 -R /etc/X11/xkb/symbols ENTER

Linux မှာ ဇော်ဂျီစာလုံးသုံးရတာ စာလုံးပိုလှသလို ထင်မိပါတယ်။ လွတ်လပ်ပြီး လုံခြုံစိတ်ချရတယ်၊ သုံးစွဲသူရဲ့ စိတ်ဆန္ဒအတိုင်း လိုက်လျောညီထွေမှုရှိတယ်၊ တခြား စနစ်တွေထက် ပိုမြန်တယ်။ အော်မေ့လို့ ... နောက်တခုက .. အလကားကိစ္စဗျ.. Linux နဲ့သူ့အတွက် အပျော့ထည်တွေကို အွန်လိုင်းရှိရင် အလကားရပါတယ်.. ကျနော့်လို ငမွဲက အဲဒီအလကားကို သိပ်သဘောကျတာဗျ .. :D

သူငယ်ချင်းတို့ကိုလည်း အဲဒီ အနှောင်အဖွဲ့၊ အကန့်အသတ် ခြိမ်းခြောက်ချုပ်ချယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ၀င်းဒိုးစနစ်ကနေ ရုန်းထွက်ပြီး လွတ်လပ်ပြီး ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ လင်းနစ်တွေကို ပြောင်းသုံးကြဖို့ တိုက်တွန်းပါတယ် .. ကျနော်လည်း ရုန်းထွက်နေဆဲပါ ...။

ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...